ပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်း သိသင့်သမျှ
ယခုအခါ ကလေးလူကြီးမရွေး ပြင်းထန်အဆုတ်ရောင်ရောဂါ ခံစားနေကြရပြီး အထူးသဖြင့် ကလေးတွေဟာ ရောဂါဒဏ်ကို မခံနိုင်လောက်အောင် ဖြစ်နေတာကို မြင်နေကြားနေရပါတယ်။ ဒါကြောင့် ပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်း သိသင့်သမျှကို မျှဝေပေးချင်ပါတယ်။
ပြင်းထန်အဆုတ်ရောင်ဆိုတာ…
အဆုတ်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ရှိတဲ့ လေအိတ်ငယ်လေးတွေမှာ ရောဂါပိုးဝင်ကာ ရောင်ရမ်းလာပြီး လေအိတ်ထဲမှာ အရည် သို့မဟုတ် ပြည်တွေနဲ့ ပြည့်လာတာပါ။
ပုံမှန်ဆိုရင် အသက်ရှူသွင်းစဥ်မှာ လေအိတ်ငယ်လေးတွေက ဖောင်းလာပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရယူကာ အသက်ရှူထုတ်လိုက်ချိန်မှာ လေအိတ်ငယ်တွေက ပြန်လျော့သွားပြီး အဆိပ်အတောက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ပေးပါတယ်။ ပြင်းထန်အဆုတ်ရောင် ဖြစ်လို့ လေအိတ်ငယ်တွေထဲမှာ အရည်တွေ ပြည့်နေတဲ့အခါ ခန္ဓာကိုယ်မှာ အောက်ဆီဂျင် လုံလောက်စွာ မရတော့သလို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပုံလာပါလိမ့်မယ်။
ဘာ့ကြောင့် ပြင်းထန်အဆုတ်ရောင် ဖြစ်နိုင်သလဲ?
- ဘက်တီးရီးယား…Streptococcus Pneumoniae ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး အဖြစ်အများဆုံးပါ။ ဘက်တီးရီးယားနဲ့ တူတဲ့ Mycoplasma Pneumoniae ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ခြင်းကတော့ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လေ့မရှိပါဘူး။
- ဗိုင်းရပ်စ်…Covid 19 ဗိုင်းရပ်စ်နဲ့ အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း အဆုတ်ရောင်နိုင်ပါတယ်။
- မှိုပိုး…ငှက်ချေးတွေ၊ မသန့်ရှင်းတဲ့ မြေကြီးတွေက တဆင့် ကူးစက်တဲ့ မှိုပိုးတွေကလည်း ပြင်းထန်အဆုတ်ရောင် ဖြစ်စေနိုင်ပါတယ်။
- Hospital-acquired Pneumonia လို့ခေါ်တဲ့ ဆေးရုံတက်နေစဥ် ကူးစက်ခံရတဲ့ အဆုတ်ရောင်ရောဂါ၊ Healthcare-acquired Pneumonia လို့ခေါ်တဲ့ နာတာရှည် ရောဂါသယ်တွေကို ပြုစုကုသပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်ခံရတဲ့ အဆုတ်ရောင်ရောဂါနဲ့ Aspiration Pneumonia လို့ခေါ်တဲ့ အစာ၊ ရေ၊ တံတွေး၊ အန်ဖတ်စတာတွေက အသက်ရှူလမ်းကြောင်းထဲ ရောက်ရှိ ပိတ်ဆို့ပြီး ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါတွေလည်း ရှိပါတယ်။
ရောဂါလက္ခဏာတွေ …
- အသက်ရှူရင်၊ ချောင်းဆိုးရင် ရင်ဘတ်အောင့်တာ၊ အသက်ရှူမြန်တာ
- သတိအခြေအနေ လျော့နည်းလာတာ
- ချောင်းဆိုးပြီး သလိပ်ပြစ်ပြစ်တွေ ထွက်တာ
- ဖျားတာ၊ ချမ်းတုန်တာ၊ ချွေးထွက်တာ
- အားမရှိတာ
- ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။
အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ရင်၊ ပြည်လို သလိပ်တွေ ထွက်လာရင်၊ အသက်ရှူရခက်ရင်၊ ရင်ဘတ်အောင့်ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- အသက် ၂ နှစ်အောက် ကလေးနဲ့ အသက် ၆၅ အထက် လူကြီးတွေ
- ကိုယ်ခံအား ကျနေသူတွေ (ဆီးချို၊ ကင်ဆာရောဂါနဲ့ HIV ပိုးရှိသူ စသည်)
- နှလုံးရောဂါနဲ့ နာတာရှည် အဆုတ်ရောဂါရှိသူတွေက ရောဂါပိုပြင်းထန်နိုင်လို့ ဂရုစိုက်ရပါမယ်။
အဆုတ်ရောင် လက္ခဏာတွေ ရှိလာခဲ့ရင် အရေးကြီးတာက ပြည့်ပြည့်ဝဝ အနားယူပါ။ အရည်များများသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ်တာတွေ စားပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးသောက်ဖို့ သို့မဟုတ် ထိုးဖို့ လိုပါလိမ့်မယ်။
ပြင်းထန်အဆုတ်ရောင် မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ?
- တုပ်ကွေးကာကွယ်ဆေး ထိုးထာပါ။ ကလေးတွေကိုလည်း ထိုးသင့်တဲ့ ကာကွယ်ဆေးတွေ မလွတ်စေရဘဲ အကုန်ထိုးဖို့ အရေးကြီးပါတယ်။
- လက်ကို မကြာခဏ ဆေးပါ။
- ဆေးလိပ်ဖြတ်ပါ။ မိဘတွေကလည်း ကလေးအနားမှာ မသောက်သင့်ပါဘူး။
- ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ အာဟာရဖြစ်အောင် စားခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပါ။
ကိုယ်ခံအားကောင်းနေရင် ဝင်လာသမျှ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာမို့ ပြင်းထန်အဆုတ်ရောင်ရောဂါ အဆင့်ထိ ဖြစ်နိုင်ခြေ နည်းပါလိမ့်မယ်။ ကိုယ်ခံအားကို မြှင့်တင်ခြင်းဖြင့် ပြင်းထန်အဆုတ်ရောင် ရောဂါဘေးမှ ကင်းဝေးကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်